Sun. Nov 28th, 2021

ပညာရေးဌာနမှာရှိတဲ့ ဆရာ/မ အပေါင်းတို့ခင်များ။ လာမည့် ၂၆.၂.၂၀၂၁(သောကြာ)နေ့တွင် လစာများ လာရောက်ထုတ်ယူနိုင်ပါပြီ။ ကျွန်တော်တို့ရုံးဝန်ထမ်းအနေဖြင့် CDM တွင်မပါဝင်နိုင်တဲ့အတွက်လဲ များစွာပဲ တောင်းပန်အပ်ပါတယ်ခင်များ။ လူငယ်တွေ လမ်းပေါ်တက်နေချိန်မှာ ကျွန်တော်တို့က အရှက်မဲ့စွာ

ရုံးတက်ရတဲ့အတွက် CDM ဆရာ/မများနှင့် ပြည်သူများကိုလဲ အားနာရပါတယ်။ မရုန်းထွက်နိုင်ဘဲ ရုံးတက်ရတာလဲ အားလုံးကို မျက်နှာပူလှပါတယ်။ သို့ပေသော်ငြားလဲ ကိုယ့်ဝန်ထမ်းများ (အချိန်နဲ့တစ်ပြေးညီ) လကုန်ရက်မှာ မိမိလစာကို အဆင်သင့် ထုတ်ယူနိုင်ရန်အတွက်နှင့် ဌာနကချပေးမည့်(ထိုင်ခုံ၊ ပရိဘောဂ၊ ကျောင်းမြေ၊

အဆောက်အဦး၊ ဝန်ထမ်း စသည့် ) ကျောင်းလိုအပ်ချက်များကို မိမိကျောင်းအနေဖြင့် လက်လွတ်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ပြည်သူတွေနဲ့ မပူးပေါင်းနိုင်ခဲ့ရပါဘူး။ တစ်ချို့ကလဲ ပြောကြပါတယ်။ “ကိုယ့်ကုတင်ပေါ်တက်တိုင်း လက်ခံရအောင် ဖာသယ်” လားတဲ့။ အဲ့အတွက်လဲ CDM ရဲ့ တံတွေးခွက်ထဲ ကျွန်တော်တို့မှာ

ပက်လက်ကြီး မျှောနေရပါပြီခင်များ။ လက်ခံ/မခံတာက ကိုယ်စီ ဆုံးဖြတ်ချက်တွေပါ။ အခုချိန် ဆရာမတို့ ကျောင်းဖွင့်၊ ကျောင်းမတက်ချင်နေပါ။ စာသင်ခန်း ကလေးရှိ၊ စာမသင်ချင်နေပါ။ ဆရာ/မတို့ ကျောင်းကိုတာဝန်ထမ်းဆောင်တဲ့အချိန်၊ ယခင်ကထက် ကိုယ့်ကျောင်း/ကိုယ့်စာသင်ခန်းမှာ တစ်ခုခုလေးတိုးတက်ပြောင်းလဲမှု

(ဒါမှမဟုတ်) တစ်ခုခုဖြည့်ဆည်းထားတာလေး ရှိလို့ စိတ်ချမ်းသာရတယ် ဆိုရင်ပဲ၊ အဆဲခံရကျိုးနပ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ကို တာဝန်မဲ့သူ၊ နိုင်ငံသစ္စာဖောက်သူ၊ အာဏာရှင်လက်ကိုင်တုပ် စသော စွပ်စွဲပြောဆိုမှုအပြင် ညစ်ညမ်းသောအသုံးအနှုန်းများဖြင့် နေရာတိုင်းဆဲဆိုနေကြကြောင်းလဲ သိရပါတယ်ခင်များ။

ကျွန်တော်တို့မှာ Online တက်ရမှာလဲ စိုးကြောက်ခဲ့ရတယ်။ ရုံးပြင်လဲ ထွက်မစားရဲခဲ့ဘူး။ ရုံးပိတ်ရက်မှာဆိုလဲ အိမ်ပြင်ပ မထွက်ရဲခဲ့ပါဘူးခင်များ။ ကြောက်လို့တော့ မဟုတ်ပါဘူးခင်များ။ ကိုယ့်ထက် ရာထူးနိမ့်သူ ဒါမှမဟုတ် ကိုယ့်ထက်ငယ်ရွယ်သူက ကျွန်တော့်ကို မတော်တဆတွေ့ပြီး “ထွီး….. ဘောမကောင်၊ ဝေါ့…

မအလကောင်” ဆိုပြီး ကံ(၃)ပါးနဲ့ ပစ်မှားမိခဲ့သည်ရှိသော် သူတို့ရဲ့ရှေ့ဆက်ရမဲ့ဘဝလမ်းမှာ အောင်မြင်‌ရေး ကံအညွှန့်လေး ကျိုးသွားမှာစိုးလို့ပါ။ ဒါ့အပြင် သံသရာတစ်လျှောက်လုံးအတွက် ဒီကံအမဲစက်ကြီးကို ဖျောက်ရခက်မှာလဲ စိုးလို့ပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ဘယ်လိုမှ မအောက်မေ့ပါဘူးခင်များ။ အံဩရတာကလွဲလို့ပါ။

ဒါကြောင့် လကုန်ရက်မှာ ငါက CDM မပါလို့ ပစ်တင်နေမလားဆိုပြီး အားမငယ်ပါနဲ့။ လစာလာထုတ်ပါ။ ငါက မနက် CDM လုပ် ညနေရုံးပြန်တက် လို့ ကြားကောင်ဖြစ်နေမလား။ မတွေးပါနဲ့။ လစာလာထုတ်ပါ။ ငါက CDM လုပ်တာ အလုပ်ထွက်တာ မဟုတ်ဘူး ဆိုပြီး လဲ ရှင်းပြနေစရာမလိုပါဘူးခင်မျာ။ လစာလာထုတ်ပါ။

ကိုယ့်ချမ်းသာမှုကြောင့် ခုလက်ရှိအစိုးရကို မကြိုက်လို့ဆိုပြီးလဲ ကိုယ့်လစာကို ဥပြေက္ခာပြုမနေပါနဲ့။ လစာလာထုတ်ပါ။ ကျောင်းဖွင့်ချိန်မှာ ကလေးတွေကိုစာသင်တဲ့ ပညာရေးဝန်ထမ်းဖြစ်လို့ကိုမှ လစာထုတ်ပေးမှာပါခင်မျာ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အေးအေးချမ်းချမ်း လာထုတ်ယူကြပါ။

လစာထုတ်ပြီးရင်လဲ ကျွန်တော်တို့က ထုတ်ယူသွားကြတဲ့ လစာနဲ့ပတ်သက်တဲ့ စာရင်းတွေ ထပ်လုပ်ရအုံးမှာမို့ ထပ်ပြီး အရှက်မဲ့စွာ ရုံးတက်ရပါအုံးမယ်ခင်များ။ အဲ့အတွက်လဲ ခွင့်လွတ်နားလည်နိုင်သူများက ဆက်ပြီး မသိကျိုးကျွံ ပြုပေးကြပါအုံးခင်မျာ။ လစာက တစ်နိုင်ငံလုံးက ဆရာ/မအားလုံးရမှာပါခင်များ။

ဘယ်လိုလူတွေကတော့ လစာရ/မရ ကိစ္စကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဘာတွေပြောမှန်းမသိပါဘူးခင်မျာ။ လူတွေမမြင်အောင် တိုးတိုးတိတ်တိတ် ရုံးတက်နေရတဲ့ ကျွန်တော်တို့ကတော့ အားလုံးကို လစာဘေလ် ဆွဲထားပါတယ် ခင်များ။ ကတ်ကတ်သတ်သတ်နဲ့ “လစာက နင်ပိုက်ဆံနဲ့ ပေးရလို့လား ဟဲ့” ဆိုပြီး

လဲ တွေးနိုင်ပါတယ်ခင်မျ။ ဟုတ်ကဲ့။ လစာကိုလဲ ရော့အင့်ဆိုပြီး ထုတ်လို့မရပါဘူးခင်များ။ ထုတ်ယူပြီးရင်လဲ The End ဆိုပြီး မပြီးပါဘူးခင်များ။ ဝန်ထမ်းတွေမို့ မရှင်းပြတော့ပါဘူး။ နောက်ထပ် ဘာလို့ရုံးတက်ရသလဲ ဆိုတာက တော့ အပေါ်မှာလဲ ရှင့်ပြခဲ့ပြီးပါပြီ။ ဒါမှမကျေနပ်သေးရင်လဲ လစာထုတ်ပြီးတဲ့အခါ

အောက်ကစာတမ်းလေးကို အော်ပြီးပြန်သွားနိုင်ပါတယ် ခင်များ။ “ရုံးမတက်နဲ့ ရုန်းထွက်” “လူငယ်တွေက လမ်းထွက်ပြီ မင်းတို့တွေက ရုံးတက်တုန်းလား” ဟုတ်ကဲ့ ကျွန်တော် ခပ်ရှက်ရှက်နဲ့ ရုံးထဲ ကျန်ခဲ့ရပါအုံးမယ်။ ရုံးတက်မှရမှာမို့ပါ ခင်များ (အမြင်ဖြင့် ခံစားပြီး ရေးသည်)

ဦးရဲ
ပညာရေး