Tue. Dec 7th, 2021

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ပြည်နယ်နှင့်တိုင်းဒေသကြီး NLD အစိုးရဝန်ကြီးများနှင့် ဆွေမျိုးများ၏ ငွေစာရင်းများကို ပုဂ္ဂလိက ဘဏ်များတွင် စစ်တပ်က လိုက်လံ စုံစမ်းစိစစ်လျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပြည်နယ်နှင့်တိုင်းဒေသကြီး NLD အစိုးရဝန်ကြီးများ၏ လက်ကျန်ငွေစာရင်းများအား ဖော်ပြပေးနိုင်ရန်၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ အခြားအကောင့်များသို့ ငွေထုတ်ငွေသွင်းခြင်းများရှိပါက

အဆိုပါ အကောင့်များကို တစ်ပါတည်းဖော်ပြပေးပါရန်၊ ၎င်းတို့ မိသားစုဆွေမျိုးများ၏ အမည်၊ မှတ်ပုံတင်များကိုလည်း ဆက်လက် ပေးပို့သွားမည်ဖြစ်ပါသဖြင့် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ပါရန် အကူအညီတောင်းခံအပ်ပါသည်ဟူ၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး

စစ်ဘက်ရေးရာ လုံခြုံရေးဌာနများက ပုဂ္ဂလိကဘဏ်များသို့ ပေးပို့ စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက လက်ခံရရှိထားသော စာတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပုဂ္ဂလိက ဘဏ်မန်နေဂျာများသို့ ပေးပို့သော ဘဏ်စာရင်းစိစစ်ပေးရန် စာဖြစ်ပြီး

ယင်းစာတွင် အဓိကအားဖြင့် NLD ပြည်နယ်အစိုးရ အပါအဝင် ပတ်သက်သူများ၏ ငွေစာရင်းများကို စိစစ် ဖော်ပြပေးရန် ဖြစ်ကြောင်း ရေးသားထားသည်။ “ဘဏ်တွေဘက်ကတော့ အဲဒီလို Customer ရဲ့ အချက်အလက်တွေကို ပေးလို့မရပါဘူး။

အခုက ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်လည်း မပါဘူး။ ဗဟိုဘဏ် ညွှန်ကြားချက်ပါရင်တောင် ကိုယ့် Customers ရဲ့ အချက်အလက်ကို ပေးဖို့ မပေးဖို့ဆိုတာက ဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့ ခွင့်ပြုချက် ဒါတွေလည်း လိုပါတယ်။ အခုကတော့

သူတို့ကြည့်ရတာ အပြစ် လိုက်ရှာနေတဲ့ သဘောပေါ့။ တွေ့လိုတွေ့ညားပေါ့လေ။ နိုင်ငံရေးအရ သိက္ခာချချင်တော့ ရတဲ့အပေါက်က လုပ်နေတဲ့ သဘောလို့ ထင်ပါတယ်” ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ လက်ထောက်မန်နေဂျာတစ်ဦးက သုံးသပ်ပြောဆိုသည်။