ဖွေးဖွေးက သူ့အနေနဲ့ စစ်အာဏာရှင်တွေနဲ့ ဆက်စပ်ပြီး အနုပညာအလုပ် ပြောကြားချက်

ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးတလက်ဖြစ်တဲ့ အကယ်ဒမီဖွေးဖွေးက သူ့အနေနဲ့ စစ်အာဏာရှင်တွေနဲ့ ဆက်စပ်အနုပညာလှုပ်ရှားမှုတွေ ပူးပေါင်းလုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ လတ်တလောကာလမှာ ပြည်သူ့ဝန်ထမ်းတွေရဲ့

အာဏာဖီဆန်ရေးလှုပ်ရှားမှု-Civil Disobedience Movement မှာ ပါဝင်ပေးနေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေအားလုံးကို တဦး တယောက်ချင်းစီ လေးစားဂုဏ်ယူအသိမှတ်ပြုကြောင်းနဲ့ သူကိုယ်တိုင်က ပြည်သူ့ဝန်ထမ်း မဟုတ်တဲ့အတွက် ပြည်သူ့ဝန်ထမ်းတွေ CDM ကို

ပါဝင်လာ​အောင်စည်းရုံးတာနဲ့ CDM လုပ်​ပေးတဲ့ဝန်ထမ်းတွေအတွက် တတ်အားသမျှ လှူတာမျိုးကလွဲလို့ ပိုထိ​ရောက်တဲ့ အရာတွေကို မလုပ်နိုင်တာကို စိတ်မ​ကောင်းဖြစ်ရတယ်လို့လည်း ဖွေးဖွေးက ဆိုပါတယ်။ “ဒါကြောင့် သရုပ်ဆောင်ပြည်သူတယောက်အနေနဲ့

ကိုယ်တတ်နိုင်တဲ့အပိုင်းကနေ ပါဝင်ပါမယ်။ ကျမ ‘ဖွေး​ဖွေး’သည် ဒီနေ့ဒီအချိန် ဖေ​ဖော်ဝါရီ ၂၀၂၁ မှ စ၍ စစ်အာဏာရှင်များနှင့် ဆက်စပ်တဲ့ မည်သည့်စီးပွားရေးလုပ်ငန်းကိုမှ ကြော်ငြာပေးခြင်း ပြုလုပ်သွားမှာ မဟုတ်သလို စစ်အာဏာရှင်များနှင့် ဆက်စပ်သော

ထုတ်လုပ်ရေးများနှင့်လည်း မည်သည့် အနုပညာလှုပ်ရှားမှုကိုမှ ပူးပေါင်းလုပ်ဆောင်တော့မည်မဟုတ်ပါကြောင်း” အသက် ၃၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဖွေးဖွေးဟာ ၂၀၀၇ ခုနှစ်လောက်ကတည်းက အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့သူဖြစ်ပြီး လက်ပံ၊

ကျမက နှင်းဆီပါမောင်၊ ရွှေကြာ စတဲ့ ရုပ်ရှင်ကားကြီးတွေနဲ့ သရုပ်ဆောင် အကယ်ဒမီဆု ၃ ကြိမ် ဆွတ်ခူးရရှိခဲ့ပြီးပြီဖြစ်ကာ လက်ရှိအချိန်မှာတော့ စီးပွားရေးရုပ်သံကြော်ငြာတွေမှာရော အနုပညာလောကမှာပါ အောင်မြင်နေဆဲ အနုပညာရှင်တယောက် ဖြစ်ပါတယ်။

သိပ်မကြာခင်ကလည်း ဖွေးဖွေးဟာ ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၀ ပြည့်နှစ် Asia Model Awards ဆုပေးပွဲမှာ Asia Special Award ဆုချီးမြှင့်ခံခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း သူဟာ အာဏာသိမ်းစစ်အစိုးရဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ

ကျရာတာဝန်ကို ထမ်းဆောင်နေသလို မနေ့ကတော့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရအဖြစ် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ကူညီဖို့ ဖွဲ့စည်းထားတဲ့ ‘We Support Heroes’ အဖွဲ့ကို ငွေကျပ် ၁၅ သိန်း လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။