Tue. Dec 7th, 2021

ကိုယ်ပိုင်တဲ့ ခြံနဲ့အိမ် ၊ စည်းစိမ်ဥစ္စာတွေ အကုန်ရောင်းချပြီး ရတဲ့ ငွေကို ကိုယ်နေထိုင်စားသောက်ဖို့တောင် မချန်ပဲ အကုန်လှူဒါန်းပစ်ဖို့ သင်စိတ်ကူးဖူးပါသလား။ မန္တလေး၊ မြောက်ပြင်အရပ်က အိမ်တစ်အိမ်ရဲ့ ခြံဝင်းသံပန်းတံခါးပေါ်မှာ “ ရွှေဖူး” ဆိုတဲ့ စာလုံးလေးရေးထိုးထားတယ်။ စေ့ရုံစေ့ထားတဲ့ ခြံဝန်းတံခါးကိုတွန်းပြီး ဝင်လိုက်တဲ့အခါ

ရှမ်းလုံခြည် ခရမ်းရောင် နဲ့ ခရမ်းရောင် အင်္ကျီလက်ရှည်ကို တွဲဖက်ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦး တိုက်အိမ်ထဲက ထွက်လာပြီး ကြည်လင်တဲ့အပြုံးနဲ့ ခရီးဦးကြိုဆိုတယ်။ အမျိုးသမီးရဲ့ နာမည်က ဒေါ်ရွှေဖူးဝေ။ လှူတန်းပေးကမ်းရတာကို ငယ်ရွယ်စဉ်ကတည်းက နှစ်သက်ခုံမင်သူ။ ဆယ်ကျော်သက်အရွယ်ကနေ လက်ရှိ အသက် ၈၀ အရွယ်ထိ အမျိုးစုံသော

လှူဒါန်းမှုတွေကို လူမသိသူမသိ ပြုနေခဲ့သူ။ နောက်ဆုံး လက်ရှိ သူပိုင်ဆိုင်တဲ့ တိုက်နဲ့ခြံကိုပါ ရောင်းချပြီး မန္တလေးမြို့ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းမှာ သိန်း ထောင်ကျော်တန် အထူးကုသဆောင်ဆေးရုံအဆောက်အဦးကြီးကို လှူဒါန်းထားသူ။ နေစရာမရှိမှာ စားစရာမရှိမှာထက် လှူစရာမရှိမှာကို ကြောင့်ကြသူက ဒေါ်ရွှေဖူးဝေပါ။ အဘွားဒေါ်ရွှေဖူးဝေက

အရပ်အမောင်း မြင့်မားတယ်။ ခန္ဓာကိုယ် ပိန်ပိန်ပါးပါး နဲ့ အသားဖြူတယ်။ အသက် ၈၀ ဆိုပေမယ့် အသက်နဲ့မလိုက်တဲ့ သွက်လက် နူပျိုမှု့ကို သူ့မှာမြင်တွေ့ရတယ်။ ရှမ်းတိုင်းရင်းသူဖြစ်တဲ့ အဘွားက စကားပြောတဲ့အခါ အသံဝဲပေမယ့် ပြောဟန်ဆိုဟန်က သွက်လက်ပွင့်လင်းတယ်။ အဘွားက မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာမွေးတဲ့ မူဆယ်မြို့သူ။ မွေးချင်း လေးယောက်ရှိတဲ့ထဲမှာ အငယ်ဆုံး။

ငယ်ရွယ်စဉ်ကတည်းက သူတစ်ပါးကိုပေးကမ်းကျွေးမွေးရတာဝါသနာပါခဲ့တယ်။ အဘွားက အသက် ၁၉ နှစ်မှာ စစ်တပ်က တပ်ကြပ်ကြီးတစ်ယောက်နဲ့ အိမ်ထောင်ပြုတယ်၊ အိမ်ထောင်ကျတော့လည်း အမျိုးသားကိုပါ သူလှူသလိုလှူဖို့ စည်းရုံးခဲ့ပြီး အမျိုးသားရတဲ့လစာနဲ့ လှူဒါန်းဖို့ မလောက်တဲ့အခါ တပ်ထဲမှာ အသီးအရွက်တွေစိုက် တတ်ထားတဲ့ စက်ချူပ်ပညာ၊ ချည်ထိုးပညာနဲ့ ပိုက်ဆံအပိုဝင်ငွေရှာပြီး လှူဒါန်းခဲ့တယ်။

အဘွားငယ်ငယ်ကတည်းက အပေါင်းအသင်းလည်းများတယ်၊ တစ်ယောက်ထဲလည်းမနေတတ်ဘူး၊ သူငယ်ချင်းကို ကျွေးချင်မွေးချင်ပေးချင်ကမ်းချင်တယ်၊ ကြီးလာတော့ အဘွားက ရဲဘော်တစ်ယောက်နဲ့အိမ်ထောင်ကျခဲ့တယ်၊ဆင်းရဲတယ်၊ အဘွားလှူတာကိုလည်း သူကမကန့်ကွက်ဘူး။ အဘွားလုပ်ချင်တာလုပ်လို့ရတယ်၊ လခဘယ်လောက်ရလည်းဆိုတော့ ၈၇ ကျပ်ခွဲပဲရတယ်၊ တစ်ရာမပြည့်ဘူး။

ဒါပေမယ့် အဘွားက အင်္ကျီချုပ် တတ်တယ်၊ဆွယ်တာထိုးတယ်၊ ကော့ကရိတ်မှာနေပူခံဘုရားဆိုတာရှိတယ်၊ အုတ်တံတိုင်းက တစ်ခန်းကို တစ်ရာကျပ်တဲ့ ၊လှူချင်လိုက်တာ။ အဲဒီမှာအမျိုးသားက အရွှေ မင်းဘယ်လိုလုပ်မလဲပေါ့။ ပူမနေနဲ့ငါစက်ချုပ်ခရှိတယ်။ကြက်ဟင်းခါးသီးလည်းစိုက်တယ်၊ သဇင်ပန်းလည်းစိုက်တယ်၊ ရှမ်းနံနံလည်းစိုက်တယ်။အဲဒါရောင်းပြီး မစားရက်မသောက်ရက်လှူခဲ့တန်းခဲ့ပါတယ်။

သူ့လခက ၈၇ ကျပ်ခွဲ။ လှူချင်တဲ့ စိတ်ကရှိအုန်းတော့ ငွေကမရှိတော့ သို့သော်လည်း အဘွားခင်ပွန်းက အရက်လည်းမသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစားဘူးဆိုတော့ အဘွားကလည်း ခြစ်ခြစ်ကုတ်ကုတ်နဲ့ ချုပ်လုပ်ပြီးတော့ လှူတယ်တန်းတယ်၊ ဆွမ်းကပ်တယ်၊အပေါင်းအသင်းများလည်းကျွေးတယ်၊ ပေးတယ်။ကမ်းတယ်၊ အထက်လူကြီးများကိုလည်းကန်တော့တယ်။

ဝါသနာကိုပါတာ”လို့ အဘွားက သူ့ငယ်ဘဝအကြောင်း အမှတ်တရ ပြန်ပြောပြတယ်။ အဘွားက ခင်ပွန်းတာဝန်ကျရာမြို့အနှံ့မှာ ခင်ပွန်းနဲ့ အတူပါရမီဖြည့်ပေးပြီး နောက်ဆုံး မန္တလေးမြို့မှာ အခြေချတယ်။ အဘွားက သူ့ရဲ့မိဘ၊ ခင်ပွန်း၊ တစ်ဦးတည်းသော သမီးလေးနဲ့ အတူ မန္တလေး ၃၂ လမ်း၊ ၈၁ လမ်းထောင့်မှာ နေထိုင်ခဲ့ကြတယ်။ အဘွား ဖခင် ဆုံးပါးသွားတဲ့အခါ

အိမ်နဲ့ခြံကိုရောင်းပြီး မြောက်ပြင် ဥပုသ်တော် ရပ်က လက်ရှိနေထိုင်နေတဲ့ ခြံကိုဝယ်လိုက်ပြီး ကျန်ရစ်တဲ့ မိသားစုတစ်တွေ နေထိုင်ခဲ့ကြတယ်။ နောက်ပိုင်း မိခင်ရော၊ ခင်ပွန်းရော၊ တစ်ဦးတည်းသော သမီး လေးပါ ဆက်တိုက် ဆုံးသွားပြီးနောက်ပိုင်းမှာ အဘွားက နောက်ဆုံး လက်ရှိနေထိုင်နေတဲ့ အိမ်နဲ့ခြံကိုပါ ရောင်းချပြီး လှူဒါန်းမှုတွေပြုလုပ်ခဲ့တယ်။“

၂၀၀၂ ခုနှစ်မှာ မြောက်ပြင်ကိုပြောင်းလာတာ၊ ပြောင်းလာတော့ ဒီဝန်းခြံတစ်ခုလုံး နှစ်ထပ်အိမ်ဆောက်လိုက်တယ်။ ဆောက်ပြီးနေတော့ တစ်ခါသမီးကဆုံးသွားတယ်။ သမီးက ၄၁ နှစ် ၊ သမီးဆုံးပြီး မကြာခင်မှာပဲ အမေကဆုံးတယ်၊ အမေဆုံးတော့ ၉၂နှစ်မှာဆုံးတယ်။ အဖိုးကြီးကလည်းဆုံးသွားတော့၊အဘွား တစ်ယောက်တည်း တစ်ယောက်တည်းနေတော့ ခြံအကျယ်က ပေ ၁၀၀x၁၁၀ အကုန်ရောင်းလိုက်တယ်။

ငယ်တုန်းကတော့ လှူချင်ပေမယ့် အဖေလည်းရှိသေးတယ်၊ အမေလည်းရှိသေးတယ်၊ခင်ပွန်းလည်းရှိတယ်၊ သမီးလည်းရှိတယ်၊ အိမ်ထောင်ဦးစီးကတော့ အဘွားပဲ။အရောင်းအဝယ်လုပ်ပြီး ကျွေးမွေးနေတဲ့အချိန် လှူချင်ပေမယ့်လည်းမရောင်းရဲဘူးလေ။ရွှေငွေတွေလည်းမရောင်းရဲဘူး၊ အိမ်လည်းမရောင်းရဲဘူး။သူတို့ကိုတာဝန်ယူထားတဲ့အတွက် အခုက အကုန်သေကုန်ပြီ တစ်ယောက်တည်းကျန်တော့

အဘွားဘာမှမလိုတော့ဘူး။ ဗမာစကားပုံရှိတယ်၊ ယောက်ျားမှာဖိနပ် ၊ မိန်းမမှာ နားကပ်တဲ့ အဘွားနားကပ်တောင်မရှိဘူး။ ဘယ်သူမှမရှိတော့လည်း အလကားပဲ ဒီအိမ်ကြီးရှိတော့ ဘာလုပ်မလဲ တစ်ယောက်တည်း အဲဒါနဲ့ ဒီတိုက်ကိုရောင်းပြီး ဆေးရုံကြီးဆောက်လိုက်တာ သုံးထပ် အဲဒါလှူလိုက်တယ်၊ ကျောင်းတွေလည်းအများကြီးလှူခဲ့တယ်” လို့ အဘွား ဒေါ်ရွှေဖူးဝေကပြောတယ်။

အဘွားအိမ်နဲ့ခြံကိုရောင်းလှူလိုက်ပေမယ့်လည်း အဘွားရဲ့ အိမ်ကိုဝယ်လိုက်တဲ့သူက အဘွားမသေမချင်း ဒီအိမ်မှာပဲ ဆက်နေခွင့်ပြုထားတဲ့အတွက် မြောက်ပြင်က အိမ်မှာပဲ လက်ရှိ အဘွားနေထိုင်နေတာပါ။ အဘွားက ချော်လဲပြီး လက်ကျိုးထားပေမယ့် အဘွားရဲ့ နေ့စဉ်စားဝတ်နေရေးအတွက်ကိုတော့ ချည်ဦးထုပ်လေးတွေကို တစ်လုံး ၂၅၀၀ ကျပ်နဲ့ ကိုယ်တိုင်ထိုး ရောင်းတယ်။

“ ဦးထုပ်က အိမ်မှာလာဝယ်ရင် ရောင်းလိုက်တာပဲ။ ကိုယ့်ဘာသာထိုးတယ်။ ဘယ်မှအပြင်မထွက်ဖြစ်ရင် တစ်ရက်တစ်လုံးပြီးတာပေါ့။ အပြင်သွားရင်တော့ နှစ်ရက်မှတစ်လုံး ၊ သုံးရက်မှတစ်လုံးပေါ့။ ဟိုမှာရေးထားတယ်လေ ကဗျာ ( ဧည့်ခန်းထောင်က တိုက်နံရံမှာ အဘွား ချည်ဦးထုပ်ထိုးနေတဲ့ပုံလေးနဲ့ ၂၀၁၃ခုနှစ်က သူကိုယ်တိုင်ရေးစပ်ထားတဲ့ ကဗျာလေးနဲ့တွဲစပ်ပြီး ချိတ်ထားတဲ့ ဓာတ်ပုံလေးကိုညွှန်ပြရင်း)

တစ်ချို့က ဒီကဗျာလေးကြည့်ပြီးတော့ မလိုချင်ပေမယ့်လည်း ဝယ်သွားကြတယ်။ သနားလို့တဲ့” အဘွားကပြောရင်း ကဗျာလေးကိုရွတ်ပြတယ်။“ အသက် ၇၈ နှစ်ရှိအဖွားအို လက်ကျိုး ထိုးသော ဦးထုပ်တွေပါဂရုဏာသနား မတ်တောပှားအားပေးကြစမ်းပါဆွေသဟာတို့” အဘွားက ကဗျာတိုလေးတွေလည်း ရေးသေးတယ်။ သူ့ရေးထားတဲ့ သံဝေဂလင်္ကာ၊ သူ့ရဲ့ ဘဝ သရုပ်ဖော်ညွှန်းထားတဲ့ ကဗျာလေးတွေကို

သူ့အိမ် ခြံဝန်းထဲက အုတ်နံရံမှာ ဗီနှိုင်းလေးတွေနဲ့ ရေးဆွဲထားသေးတယ်။ တိုက်ထဲအဝင်ဧည့်ခန်းမှာတော့ အဘွားရဲ့ အဖေနဲ့ အမေ၊ အဘွားတို့ဇနီးမောင်နှံပုံ တွေကို ချိတ်ဆွဲထားပြီး ဓာတ်ပုံတွေရဲ့ ဘေးပတ်ပတ်လည်မှာ အဘွား လှူထားခဲ့တဲ့ အဆောက်အအုံ ၊ ကျောင်းဆောင်၊ လှူဒါန်းမှုအစုစုကို ဂုဏ်ပြုထားတဲ့ ဂုဏ်ပြုလွာ ဓာတ်ပုံတွေကို စီရရီ တွေ့ရတယ်။ အဘွားက မြင်းခြံ၊ လားရှိုး၊ နမ့်ခမ်း၊

မန္တလေးမြို့က မိုးကုတ်ဝိပသနာ၊နဂါးကျောင်းတိုက်၊မြတောင်တိုက်၊ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း စတာတွေမှာ စာသင်ကျောင်း၊ ရဟန်းသံဃာ သီတင်းသုံးဖို့ ကျောင်းဆောင်၊ ဆေးကုသဆောင်၊ စတဲ့ အဆောက်အဦးပေါင်း ၁၅ လုံးလှူဒါန်းထားသလို ရပ်ကွက်ထဲမှာလည်း အုတ်တံတား ၃ စင်းလည်းလှူဒါန်းထားသေးတယ်။ ကျန်တဲ့ ငွေကြေး လှူဒါန်းထားမှုအစုစုကိုတော့ အယ်လ်ဘန် နဲ့ထည့်ထားတဲ့ အဘွားရဲ့

လှူဒါန်းမှုတွေကိုဂုဏ်ပြုခံထားရတဲ့ ထောင်ချီတဲ့ ဂုဏ်ပြုလွှာအရေအတွက်တွေက သက်သေပြုနေပါတယ်။ “ငွေကြေးတန်ဖိုးဘယ်လောက်ရှိပြီလဲ အဘွားမမှတ်မိတော့ဘူး။ အသက် ၁၉ နှစ်ကစလှူလာခဲ့တယ်။ ပိုက်ဆံမရှိလည်းလှူတာပဲ။ အဲဒါလှူခဲ့တဲ့ ဂုဏ်ပြုလွှာတွေပဲ။ ဗြဟ္မစိုရ်က အတွင်းရေးမှူးက သေချာကို ပြန်စုပြီး အယ်လ်ဘန်လေးနဲ့ လာထည့်ပေးသွားတာ၊ နောက်ထပ်လှူထားတာတွေက

မထည့်ရသေးတာလည်း ကျန်သေးတယ်။လှူရတာကိုသဘောကျတယ်” လို့ အဘွားကဂုဏ်ပြုလွှာတွေထည့်ထားတဲ့ အယ်လ်ဘန်ကိုပြပြီး ရယ်မောပြီး ပြောတယ်။ အဘွားက ငွေကြေး၊ အဆောက်အအုံ၊ ကျောင်းဆောင်၊ ဆွမ်း၊ စေတီ စတာတွေကို လှူဒါန်းတာအားမရသေးဘဲ ၂၀၁၂ ခုနှစ်မှာ ဆေးတက္ကသိုလ် ခန္ဓာဗေဒဌာနမှာလည်း သူသေဆုံးရင် ကြွင်းကျန်ရစ်မယ့် ကိုယ်ခန္ဓာကိုပါ လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် မြင့်မြတ်သော စိတ်ဓာတ်ရှိသူတို့ရဲ့ လုပ်ရပ်ကိုလည်း အဘွားက လက်ရှိ လုပ်ကိုင် နေပါတယ်။အဲ့ဒါကတော့ ဗြဟ္မစိုရ် လူမှု့ကူညီရေးအသင်းနဲ့ အတူလိုက်ပြီး အဘွားကိုယ်တိုင် နာရေးအခေါင်းသယ်ပြီး ပို့တဲ့အလုပ်ကိုလုပ်နေတာပါ။ “ အရင်က ရပ်ရွာသူသားအနေနဲ့အသုဘလိုက်ပို့ဖူးတာပေါ့။ ဗြဟ္မစိုရ်မှာ တောင်စလင်းတိုက်သစ် ဆရာတော် ဦးတိက္ခရေးထားတာရှိတယ်၊

အနိမ့်ဆုံးသောကုသိုလ် အလုပ်သည်မြင့်မြတ်သော စိတ်ဓာတ်ရှိသူတို့၏အလုပ် ဖြစ်သည်ဆိုတော့အဘွားလည်း မြင့်မြတ်တဲ့ထဲလည်းပါချင်တာပေါ့။ နေ့တိုင်းပို့ချင်တဲ့ဆန္ဒရှိတယ်။ပို့ချင်တယ်ဆို၊သူတို့ယူနီဖောင်းစီစဉ်ပေးရသေးတယ်၊အားနာတယ်။ အနိမ့်ဆုံးအလုပ်ကိုအရင်ကမလုပ်ဖူးဘူး။ အလောင်းနဲ့တော့အဘွားက မသယ်နိုင်ဘူး၊ လက်ကျိုးထားတော့ အလွတ်တော့သယ်နိုင်တယ်လေ။

အသုဘကိုတော့ သွားကြည့်တယ်လေ၊ ကားထဲကနေ အခေါင်းထုတ်ပေးတယ်၊ လိုက်သွားကြည့်တယ်၊အပြန်အလွတ်ကျသယ်နိုင်တယ်လေ၊ သယ်ပေးတယ်၊ အသက် ၈၀ အင်အားသိပ်မရှိတော့ဘူး။လက်ကလည်းကျိုးထားတော့ အလွတ်ပဲသယ်နိုင်တယ်။သုံးခါပို့မယ် ဆုံးဖြတ်ထားတယ်၊ အခု နှစ်ခါပြီးသွားပြီ၊ နောက်ဆန္ဒ တစ်ခုက အဘွား သွေး လှူချင်သေးတယ်” လို့ အဘွား ဒေါ်ရွှေဖူးဝေက ပြောတယ်။

အဘွား လှူဒါန်းခဲ့တဲ့ထဲက အားအရဆုံး ပီတိအဖြစ်ဆုံးအလှူကတော့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှာ လှူဒါန်းခဲ့တဲ့ သုံးထပ် ဆေးကုသဆောင်ဖြစ်တယ်။အဲ့ဒီဆေးကုသဆောင်လှူဒါန်းပွဲနေ့က အဘွားအရမ်းပီတိဖြစ်လို့ ကိုယ်တိုင်ကပြီး သီချင်းတွေဆိုခဲ့ရတာ အမှတ်တရပဲလို့ အဘွားကပြောတယ်။ “ လှူခဲ့သမျှထဲမှာ စိတ်အချမ်းသာဆုံးက ၇ ခန်း သုံးထပ်ဆေးကုသဆောင်ပဲ။ နောက်ပြီးတော့ အဘွားလို ဆင်းရဲတဲ့လူ

လာပြီးတော့ တန်းစီ ဆေးယူတာတွေ့တော့ ပီတိဖြစ်တယ်။ဆေးကုသဆောင်ကြီးကလည်း လှတယ်၊ အကြီးကြီးပဲ၊ လားရှိုးမှာလှူတာလည်းဒီလောက်မကြီးဘူး။နမ့်ခမ်းမှာလှူတာလည်း ဒီလောက်မကြီးဘူး။ဒါကတော့ အကြီးဆုံး ၊ အကြိုက်ဆုံးပဲ။ ပီတိအဖြစ်ဆုံး” လို့ အဘွားဒေါ်ရွှေဖူးဝေ ကပြောတယ်။ အဘွားက မသေခင်ကာလမှာလည်း ဦးထုပ်ထိုးပြီးရတဲ့ ပိုက်ဆံ။ တူ၊တူမတွေက တစ်နှစ်တစ်ခါ

လာကန့်တော့ကြတဲ့ပိုက်ဆံလေးတွေကို စုပြီး ဆက်ပြီး အလှူ တွေ လှူဒါန်းရင်းနဲ့နေထိုင်သွားမယ်လို့ဆုံးဖြတ်ထားတယ်။ အဘွားရဲ့ ကျန်းမာရေးအတွက် ဘဏ်မှာအပ်ထားတဲ့ အဘွားရဲ့ကိုယ်ပိုင်လက်ကျန်ငွေ ကျပ်သိန်းငါးရာကိုလည်း ရုတ်တရက်သေသွားခဲ့ရင် ဘဏ်မှာ ဒီအတိုင်းပျောက်ပျက်သွားမှာစိုးရိမ်တဲ့အတွက် ဗြဟ္မစိုရ်လူမူကူညီရေးအသင်းကိုချိတ်ဆက်ပြီး လှူဒါန်းထားပြီးပြီလို့ အဘွားကဆိုတယ်။

“ သိန်း ၅၀၀ အခုရှိတယ်၊ဘဏ်မှာအပ်ထားတာ သေသွားရင် အလဟသ ဖြစ်မှာဆိုးလို့ ဗြဟ္မစိုရ်ကို လှူဖို့ ဥက္ကဌကြီးရယ်၊ ဘဏ္ဍာရေးမှူးရယ်ခေါ်ပြီး ဘဏ်နဲ့ တစ်ခါတည်းချိတ်ဆက်ပြီး ထားလိုက်တယ်၊ အသက်ရှင်နေချိန်မှာ ဒီ သိန်း၅၀၀ ကရတဲ့ အတိုးထုတ်သုံးမယ်၊ ဦးထုပ်ထိုးရက်တန်းလန်း ပိုက်ဆံမလောက်ရင် တောင်းစားရမှာပေါ့။ ဘာမှမလုပ်ပဲနဲ့တောင်းတာတော့မကြိုက်ဘူး၊ လုပ်ရဲ့သားနဲ့

မလောက်ရင်တောင်းမှာပေါ့။ အဘွားမကြောက်ပါဘူး၊ ဆင်းရဲတဲ့ဘဝမကြောက်ပါဘူး” လို့ အဘွားဒေါ်ရွှေဖူးဝေကပြောတယ်။ အဘွားက အသက် ၈၀ အရွယ်ပေမယ့် ဖျားနာတာမရှိအောင် ကျန်းမာရေးကိုလည်း ဂရုစိုက်တယ်၊ သူ့ရဲ့ တစ်နေ့တာလုပ်ငန်းက လေ့ကျင့်ခန်း မနက်တစ်ကြိမ် ညတစ်ကြိမ်လုပ်တယ်။ အားဆေးပုံမှန် သောက်တယ်။ညပိုင်း စောစောအိပ်တယ်၊ မနက်ငါးနာရီနိုးရင် ရေချိုး

ဘုရားရှိခိုး၊ ကော်ဖီသောက် မုန့်လေးဘာလေးစား၊ ဦးထုပ်ထိုး ညပုတီးစိပ်၊ တရားအားထုတ်တယ်။ အဘွားအခုချိန်မှာ အဖြစ်ချင်ဆုံး ဆန္ဒပြောပြပါဆိုတော့ “ အခုလိုချင်ဆုံးက ဒီလှူဒါန်းရတဲ့ ကုသိုလ်ကောင်းမှုတွေကြောင့် ဝဋ်ဒုက္ခဆင်းရဲအပေါင်းက လွတ်ကင်းချင်တယ်။ အဲ့ဒါကြောင့် လှူရင် နိဗ္ဗာန်ကို အာရုံပြုလှူဖြစ်တယ်”လို့ အဘွား ဒေါ်ရွှေဖူးဝေ ကဆိုတယ်။ အဘွားဆီက

သိချင်တာတွေ မေးအပြီး ကျွန်မ ပြန်မယ်လုပ်တော့ နေ့လည် ၂ နာရီရှိပြီ၊ ကျွန်မပြန်တော့ အဘွားက အိမ်ခြံတံခါးဝထိလိုက်ပို့တယ်။ ကျွန်မကတော့ သူ့ရေးထားတဲ့ ကဗျာထဲကလို အလင်းရောင်အမှောင်ဖုံးလို့။ အဘွားက ခြံတံခါးဝမှာ ကျွန်မအပြန်ကို ပြုံးပြီး ရပ်ကြည့်နေတယ်၊ အဘွားရဲ့အပြုံးက သူရေးထားတဲ့ ကဗျာထဲကလို အမှောင်ခွင်းပြီး လင်းလက်တောက်ပလို့ …

“အလင်းရောင် အမှောင်ဖုံးပါလို့” အိမ်မြေနေရာ စိန်ရွှေငွေရတနာ မရှိတာအလွန်ဆင်းရဲပါဘိ“အမှောင်ခွင်း အလင်းမြင်” အိမ်မြေနေရာ စိန်ရွှေရတနာမရှိတာစိတ်ရော ကိုယ်ရောအလွန်ချမ်းသာပါဘိ….။

သက်စုအောင်Credit