မိုးကုတ်သို့သွားသောလမ်းတွင် ဆိုင်ကယ်နှင့်ကပ်လိုက်လာကာ ကျောက်ကြည့်ဦးမလားဟု မေးတတ်သော လူလိမ်များအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ပရိတ်သတ်ကြီး အလိမ်မခံရအောင် ဆင်ခြင်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။ သာယာအေးချမ်းလှတဲ့ မိုးကုတ်မြို့လေးကို မန္တလေးကနေ သွားမယ်ဆိုရင် လမ်းနှစ်သွယ်နဲ့ သွားနိုင်ပါတယ်။ တစ်လမ်းကတော့ ပြင်ဦးလွင်ဘက်ကလမ်းပါ။

လမ်းကောင်းတယ်။ ရှုခင်းတွေလှ တယ်။ သို့ပေသိ လူပြတ်တယ်။ ရွာတွေလည်းနည်းတယ်။ တခြားအန္တရာယ်တွေလည်း ရှိနိုင်လို့ လူသုံးနည်းပါတယ်။ နောက်တစ်လမ်းကတော့ သပိတ်ကျင်းနယ် ဘက်ကနေ သွားတဲ့လမ်းပါ။ လူသွားလူလာလည်းများ၊ ရွာတွေလည်းရှိတော့ ဘယ်အချိန်ထသွားသွား အန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ အခုကာလကတော့ ကိုဗစ်ကပူ၊

တိုက်ပွဲကဆူနဲ့ သွားလို့လာလို့ မကောင်းတဲ့ကာလပါ။ အဲဒီလမ်းတွေမှာ နောက်ထပ်အန္တရာယ်လည်း ရှိနေပါသေးတယ်။ အဲဒီအန္တရာယ်ကတော့ ကျောက် သမားအယောင်ဆောင် လိမ်လည်မှုတွေပါ။ မိုးကုတ်လမ်းသွားတဲ့ လမ်း ပေါ်မှာ လူနှစ်ယောက်၊ သုံး ယောက်လောက် ဆိုင်ကယ်တွေနဲ့ လိုက်လာပြီး ကျောက်ကလေး ရောင်းချင်လို့ပါဆိုပြီး လာပြောတတ်တယ်။

ကျောက်ကိုစိတ်ဝင် စားသူ ဒေသခံတချို့က ကျောက်ကိုကြည့်ပြီး ဘယ်လောက်နဲ့ ရောင်းမလဲမေးရင် သင့်တော်တဲ့ ဈေး၊ တန်တဲ့ဈေးမျိုးဆိုရင် ဝယ်သွားတတ်ကြတယ်။ ဟိုရောက် တော့မှ စစ်ဆေးကြည့်တော့ အတုကြီးဖြစ်နေခဲ့တယ်။ ဒီလို ဖိုးတွမ်တီး ဇာတ်လမ်းမျိုးတွေ မိုးကုတ်လမ်းပေါ်ကနေတာ မနည်းတော့ ဘူး။ လွန်ခဲ့တဲ့တစ်နှစ်လောက်က

အသက် (၂၀)ကျော်သာရှိသေးတဲ့ မိုးကုတ်သား ကိုနေဟာ မန္တလေးမြို့ကနေ လုပ်ဖော်ကိုင်ဖက်တွေ နဲ့အတူ ဆိုင်ကယ်တွေစီးပြီး မိုး ကုတ်ကို ပြင်ဦးလွင်လမ်းကနေ ပြန်လာခဲ့တယ်။ မိုးကုတ်နယ်ထဲအရောက်မှာ မျက်နှာချင်းဆိုင်က လာနေတဲ့ ဆိုင်ကယ်တစ်စီးဟာ သူတို့နဲ့ဆုံပြီးနောက် ပြန်ကွေ့ပြီး လိုက်လာတာတွေ့ရတယ်။ သူ့လိုပဲ အသက်(၂၀)ကျော်လောက်ရှိမယ့်

လူငယ်သုံးယောက်။ တွင်းထဲမှာ အလုပ်လုပ်ရင်း ခိုးလာတဲ့ကျောက်ပါလာလို့ ဝယ်မလားလို့ လိုက်မေးတာပါတဲ့။ ဒါနဲ့ ကိုနေလည်း ကြည့်ကြည့်မယ် ပြောလိုက်တယ်။ ဆိုင်ကယ်ခဏရပ်ပြီး ကြည့် ကြတယ်။ ကိုနေမိဘကလည်း ကျောက်လုပ်ပြီး ကိုယ်တိုင်လည်း တွင်းတွေ ဘာတွေ ဆင်းခဲ့ဖူးတာ ဆိုတော့ ကျောက်နည်းနည်းပါး ပါး ကြည့်တတ်တယ်။

သူယူလာတဲ့ကျောက်က အစစ်အတိုင်းပဲ။ အစစ်ဆိုရင် သိန်းရာဂဏန်း ထောင်ဂဏန်းလောက်အထိ တန်သွားနိုင်တယ်။ ခိုးကျောက်ဆိုတော့ တရားဝင်သွားမရောင်းရဲလို့သာ ဒီလိုလမ်းကနေ စောင့်ရောင်းတာလို့ ထင်လိုက်မိတယ်။ ဒါနဲ့ပဲ ဘယ်လောက်နဲ့ရောင်းမလဲ မေးလိုက်တယ်။ သူတို့က အစ်ကို ဈေးပေးကြည့်ဆိုတာနဲ့ တစ်သိန်းပေးမယ်ပြောတော့

တစ်သိန်းတော့မလုပ်ပါနဲ့ နှစ်သိန်းပေးပါတဲ့။ ကိုနေလည်း နှစ်သိန်း လောက်နဲ့ အမြတ်အစွန်း ရာဂဏန်း၊ ထောင်ဂဏန်းတွေ ဖြစ် သွားနိုင်တာကိုပဲ မြင်နေတယ်။ အိမ်ကို ဖုန်းဆက်မေးသေးတယ်။ ဖြစ်ချင်တော့ တောထဲတောင်ထဲ မို့ ဖုန်းလိုင်းက ကောင်းကောင်း မမိဘူး။ သိပ်မကြားရဘူး ဖြစ်နေ တယ်။ ဒါနဲ့ ဖုန်းချပြီး အရောင်းအဝယ်ကိစ္စ

ဆက်ပြောတယ်။ ကိုနေ က ကျောက်ကိုစိတ်ဝင်စားနေပြီ။ ခဏနေတော့ အိမ်က ဖုန်းပြန် ဆက်တယ်။ မဝယ်နဲ့နော်တဲ့။ အဲဒီအချိန် သူကဝယ်ပြီးနေပြီ။ မောင်မင်းကြီးသားတွေလည်း ငွေနှစ်သိန်းယူပြီး ထွက်သွားကြပြီ။ သူ့ လက်ထဲနှစ်သိန်းမပြည့်လို့တောင် သူငယ်ချင်းတွေထဲကနေ ဆွဲပြီးဝယ်ခဲ့တာ။ သူတို့လည်း မိုးကုတ်ဆက်မောင်းလာချိန်

သူ့အဖေတို့လိုက်လာပြီး ဝယ်ထားတဲ့ကျောက် ကို စစ်ဆေးကြည့်တော့ အတုကြီး ဖြစ်နေခဲ့ပါတယ်။ နောက်ထပ် အတွေ့အကြုံ တစ်ခုပြောပြသူက ကိုဝင်းပါ။ မိုးကုတ်သား တစ်ယောက်ဖြစ်တဲ့ အသက်(၂၀)ကျော် လူငယ် ကိုဝင်းဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ဒုတိယအပတ်မှာ မိုးကုတ်မြို့ပြင်ကို ဆိုင်ကယ်လေးနဲ့ ထွက်ခဲ့ တယ်။ မန္တလေး-မိုးကုတ် သပိတ်ကျင်းလမ်းပိုင်းပါ။

အလုပ်ကိစ္စပြီးလို့ပြန်လာတော့ လမ်းမှာ မျက်နှာချင်းဆိုင်လာနေတဲ့ ဆိုင်ကယ်တစ် စီးက လှမ်းတားပါတယ်။ မိုးကုတ်သူမိုးကုတ်သားတွေဟာ တစ်ဖက်သားကို စိတ်လိုလက်ရ ကူညီတတ်လေ့ရှိတာကြောင့် ခရီးသွားတွေတစ်ခုခုများ အကူအညီလိုမလား ဆိုတဲ့သဘောနဲ့ ကိုဝင်းက ရပ်ပေး လိုက်မိတယ်။ တစ်ဖက်ဆိုင်ကယ်ပေါ်က အသက် (၂၀)ကျော်လောက်ရှိ မယ့် လူငယ်နှစ်ယောက်

ဆင်းလာပါတယ်။ အနွေးထည်ထူထူပွပွ၊ ဘောင်းဘီရှည်၊ လျှာထိုးဦးထုပ် လည်း ဆောင်းထားတယ်။ ဆိုင် ကယ်ကတော့ 125 ဆိုင်ကယ်ကိုမှ တော်တော်စုတ်နေပြီ။ လက်ကိုင်မှာ ကာဗာတွေတောင် မပါတော့ ဘူး။ ကိုဝင်းက ဘာဖြစ်လို့လဲလို့ မေးလိုက်တယ်။ ‘‘ဒီလမ်းက ဖော့ တောလမ်းကို သွားလို့ရလား’’တဲ့။ ကိုဝင်းက သွားလို့ရတဲ့အကြောင်း၊

မိုင် ၂၀ လောက်တော့ လိုသေးတဲ့အကြောင်း ပြောပြ လိုက်တယ်။ အဲဒီမှာ သူတို့က ‘‘မိုးကုတ်မှာ တွင်းဆင်းနေတာ တစ်လခွဲရှိပြီ’’တဲ့။ ‘‘အခုပြန်မလို့ မိုးကုတ်ဂိတ်က ပေးမဖြတ်လို့ ဖော့တောလမ်းကနေ မိုးမိတ်ဘက် မိုးမိတ်ဘက်ကနေ ပြန်မလို့’’ဆိုပြီး ပြောတယ်။ ဒါနဲ့ ကိုဝင်းက မေးလက်စနဲ့ ဘယ်ပြန်ရမှာလဲလို့မေးလိုက်တော့ ရှမ်းပြည်နယ်ထဲက

မြို့နယ်တစ်ခုကို ပြောတယ်။ ဒါကလည်း ပြောသာပြောတာ ဟုတ်ချင်မှဟုတ်မှာ။ ‘‘ကျွန်တော်တို့ ပြန်ဖို့က ဆီဖိုးတောင် အနိုင်နိုင်ဖြစ်နေ တယ်’’လို့ဆိုတာနဲ့ ကိုဝင်းလည်း ဩော်… တွင်းသမားတွေ အခက် အခဲဖြစ်နေလို့ အကူအညီတောင်း တာထင်ပြီး ဆီဖိုးလေးကူမယ်လို့ တွေးလိုက်မိသေးတယ်။ အဲဒီလို မဟုတ်ဘူးဗျ။ သူတို့က

ဘာဆက်ပြောလဲဆိုတော့ ‘‘ကျွန်တော်တို့ တွင်းဆင်း ရင်း ကျောက်တစ်ပွင့်ခိုးခဲ့တာ ဝယ်မလား’’တဲ့။ အဲဒီမှာ ဇာတ်လမ်းကစပြီ။ ကိုဝင်းလည်း ပြ ကြည့်ဆိုပြီးပြောတော့ ကြည့် လိုက်တဲ့အခါ ကျောက်က မသင်္ကာစရာ ကောင်းနေတယ်။ ဒီလမ်းပေါ်တွေမှာ ဒီလိုအဖြစ်အပျက်တွေက မကြာခဏ ကြားဖူး နေတာကြာပြီ။ ဒါနဲ့ မှတ်ပုံတင်ပါ၊ မပါ၊

ဖုန်းနံပါတ်ကကောလို့မေးတော့ တစ်ခုမှမပါဘူး ပြောနေတယ်။ သူများနယ်တွင်းလာဆင်းတာ ဘာလို့မှတ်ပုံတင်မပါ ရတာလဲမေးတော့ လွန်ခဲ့တဲ့ တစ် လခွဲလောက်က လာဆင်းတာမို့ အခြေအနေကောင်းနေချိန်မို့ ပါမလာတာတဲ့။ မဖြစ်နိုင်တော့ဘူး။ ကိုဝင်း ပိုမသင်္ကာဖြစ်လာပြီ။ လွန်ခဲ့တဲ့ တစ်လခွဲဆိုရင်ကို မိုးကုတ်ကို လွယ်လွယ်ကူကူ လာလို့မရတော့ဘူး။

ရောဂါတွေ ပြန့်နေချိန်လေ။ ကိုဝင်းက ဆက်ပြီး မသိချင် ယောင်ဆောင် မေးလိုက်တယ်။ ကျောက်က ဘယ်ဈေးလဲပေါ့။ ‘‘ကျောက်နားမလည်လို့ ဈေးမသိဘူး။ ပေးချင်သလောက်ပေး ကြည့်’’လို့ ပြောတယ်။ ကိုဝင်းက ‘‘ရပါတယ် ဈေးတောင်းကြည့်ပါ’’ လို့ပြောတော့ ခြောက်သိန်းရရင် ရောင်းမယ် ဖြစ်ကုန်တယ်။ ကိုဝင်း

လည်း အဲလောက်တော့မဖြစ်နိုင်ဘူး။ လမ်းစရိတ်လိုနေရင် သောင်း ပိုင်းတော့ပေးမယ် ပြောလိုက်တယ်။ သောင်းပိုင်းတော့မရဘူး တဲ့။ ကိုဝင်းလည်း ဘယ်လိုများ ဆက်လိမ်မလဲ သိချင်စိတ်နဲ့ ဈေးထပ်ဆစ်လိုက်သေးတယ်။ နောက်ဆုံး ကိုဝင်းက ဟုတ်ပြီ ဝယ်တော့ ဝယ်မယ် ကျောက်ကို မီးစမ်းပြီးမှ ဝယ်မယ်လို့ပြောတော့ မောင်မင်း ကြီးသားများ

အချိန်မရှိဘူး ပြန်ရ ဦးမှာတွေ ပြောလာတယ်။ နောက်ဆုံး သူတို့အလိမ်တွေ ပေါ်လာမှာစိုးတာကြောင့် သူများတွေမြင်မှာစိုးလို့ဆိုပြီး တစ်ချိုးတည်း လစ်ပါလေရော။ မီးအစမ်းမခံဘူးဆို ကတည်းက ကျောက်မစစ်တဲ့ သဘောပါ။ ပြီးတော့ ကိုဝင်း သူငယ်ချင်းတွေထဲက တချို့ လည်း အလိမ်ခံရဖူးတာ့ ကြားဖူး နားဝ ရှိနေခဲ့တာပါ။

ကိုဝင်းက သူ့အတွေ့အကြုံ တွေကို လူမှုကွန်ရက်စာမျက်နှာ ပေါ်တင်လိုက်တော့ ကိုဝင်းလို ကြုံဖူးသူတွေက သူတို့အတွေ့အကြုံတွေကို လာပြောကြပါတော့ တယ်။ အဲဒီအဖွဲ့က ခုလိုလိမ်စား နေတာ ကြာပြီဆိုတဲ့အကြောင်း၊ မိုးမိတ်လမ်းဘက်မှာလည်း တွေ့ရတတ်တဲ့အကြောင်း၊ မိုးကုတ်အ ဝင် ရှုခင်းသာနားမှာလည်း တွေ့ရတတ်ပြီး

တစ်ခါတလေ အမျိုးသမီးတစ်ဦးပါတဲ့အကြောင်း ပြောပြ ကြတယ်။ အမျိုးသမီးတစ် ယောက်ကဆိုရင် မိုင်းလုံးသွားတဲ့လမ်းဘက်မှာ ခုလိုပဲ ကြုံဖူးကြောင်း၊ တွင်းတောက ပြန်လာ ပြီး လမ်းစရိတ်ပြတ်လို့ ကျောက်လေးဝယ်ပါဆိုတာနဲ့ သနားပြီးဝယ်မိတာ ကျောက်အတုဖြစ်နေခဲ့တယ်တဲ့။ နောက်ထပ်အမျိုးသမီးတစ် ယောက်လည်း မိုးကုတ်က ရေပူ

နားမှာ လာရောင်းတာနဲ့ ကြုံတယ်။ကျောက်က အစစ်ဆိုရင် ဆယ်ကြီးကျောက်ပဲတဲ့။ အဲဒါကို သူတို့ က သုံးသိန်းနဲ့ ရောင်းတယ်။ သုံး သိန်းမရရင် မရောင်းဘူးတဲ့။ အမျိုးသမီးလေးကလည်း တန် နေတော့ ဝယ်ဖို့စဉ်းစားတယ်။ မီးစမ်းမယ်ပြောတော့ အချိန်မရလို့ ပါတဲ့။ ကျွန်တော်တို့ အတု မရောင်းပါဘူးတဲ့။ ကျွန်တော့် သူငယ်ချင်းတွေ

တွင်းပြန်ဆင်းဖို့ စောင့်နေလို့ပါလို့ပြောပြီး သူ့ဖုန်း နံပါတ်တောင် ပေးခဲ့ပါတယ်တဲ့။ နောက်မှ စစ်ဆေးကြည့်တော့ အတုကြီးဖြစ်နေခဲ့ပါတယ်။ လူငယ်တစ်ယောက်က တော့ မန္တလေးကအပြန် ခုလိုပဲလူငယ်သုံးယောက်က ကျောက်လာရောင်းတဲ့အကြောင်း၊ လူပြတ်တဲ့လမ်းမို့ အသက်ရန်ရှာမှာစိုး တာနဲ့ ငွေသုံးသောင်းပေးလိုက်တဲ့

အကြောင်း ပြောပြတယ်။ ငွေအလိမ်ခံခဲ့ရသူတွေကတော့ မနည်း မနောပါ။ တချို့ကတော့ အဲဒီလူ ငယ်တွေ မကြာခဏလိမ်နေတာ များပြီဆိုတဲ့အကြောင်း၊ တချို့ စိတ်ဆတ်တဲ့လူငယ်တွေကတော့ တစ်နေ့ကျ လူချင်းပြန်လုပ်ရန်ပင် စဉ်းစားထားကြောင်း စိတ်နာနာနဲ့ ပြောကြတယ်။ နောက်ထပ်လည်း အလိမ်ခံရဖူးသူတွေ မနည်းမနောပါ။

ငါးသောင်းပါသွားတဲ့သူနဲ့၊ ရှစ်သောင်း၊ တစ်သိန်းခွဲ၊ နှစ်သိန်းပါသွားတဲ့သူနဲ့။ မိုးကုတ်လမ်းပေါ်မှာ ကျောက်လိမ်တဲ့ ဇာတ်လမ်း တွေ များလှပါပြီ။ မိုးကုတ်သူ မိုး ကုတ်သားတွေ ပြောတာကတော့ကျောက်ကို စိတ်မဝင်စားတဲ့သူ တွေဆိုရင်တော့ လိမ်လို့မရပါဘူး တဲ့။ အတန်အသင့်သိတဲ့သူတွေ အလိမ်ခံရတဲ့အကြောင်း ပြောပြ တယ်။

အဓိကကတော့ လောဘ ကြောင့်ပါလို့ အလိမ်ခံရဖူးသူ ကိုနေက ပြောပြပါတယ်။ ထိုကဲ့သို့ လာရောင်းသည့် အခါ လောဘရှေ့တန်းတင်ပြီး မဝယ်ယူကြရန်၊ ကျောက်အစစ်ပိုင်ရှင်များက အေးအေးဆေးဆေး ကိုင်ရောင်းပြီး လမ်းပေါ်မှာ ဖြစ် သလို ရောင်းလေ့မရှိကြောင်း မိုးကုတ်က ဝါရင့်ကျောက်သမားများ က ပြောပါတယ်။

မိုးကုတ်သူ မိုးကုတ်သားတွေကတော့ ဒီလိုဖြစ် စဉ်တွေ နောက်မဖြစ်အောင် ဖော် ထုတ်ပြီး ထိထိရောက်ရောက် အ ရေးယူပေးစေချင်တဲ့ အကြောင်း ပြောကြတယ်။ ကျောက်အလိမ်ခံ ခဲ့ရသူ ကိုနေကတော့ သူ့အဖြစ်အပျက်ကို အတူသွားတဲ့ သူငယ် ချင်းတွေနဲ့ မိသားစုကလွဲလို့ ဘယ်သူမှ မသိခဲ့ပါဘူး။ ပြောရရင် အလိမ်ခံခဲ့ရတော့ ရှက်တာလည်းပါ မှာပါ။

ဒါပေမဲ့ ကိုနေကတော့ ခုထိ အဲဒီကျောက်အတုကြီး သိမ်းထားတုန်းပဲတဲ့။ ဘာလို့လဲဆို တော့ အမှတ်တရပါတဲ့။ ။

သတင်းအရင်းအမြစ်-